Monday, October 25, 2010

Wednesday, October 6, 2010

Fwd: ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့် လူထုအဆုံးအဖြတ်.................

ရွေးကောက်ပွဲ၊ လွှတ်တော်တက်ရန် ပြင်နေသူများနှင့် လူထုအဆုံးအဖြတ်.................

by San Maung on Sunday, October 3, 2010 at 8:30pm

 

'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း' အပိုဒ် (၂၁) အရ "ရွေးကောက်ပွဲ" ဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်းတခု၊ ရွေးကောက်ပွဲသည် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်ဆိုသည်ကို ယနေ့ပြည်သူတို့ ယေဘုယျမျှဖြစ်စေ သိမြင်လာပြီ ဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။ 

 

(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာ လုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။ 

 

(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူခံစားပိုင်ခွင့်ရှိစေရမည်။

 

(၃) ပြည်သူအများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန်အပိုင်းအခြားအလိုက် ကျင်းပသော၊ 'စစ်မှန်သော ရွေးကောက်ပွဲများ' ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။

 

'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း' သည် လူ့အခွင့်အရေးဆိုင်ရာ စံပြုသတ်မှတ်ထားသော အခြေခံ ကတိက၀တ်များလည်းဖြစ်သည်။ ထို့ပြင် 'ကုလသမဂ္ဂ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်' (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း "နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ 'မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း' ရှိစေရမည်ဖြစ်ပြီး 'ရွေးချယ်ခံပိုင်ခွင့်' လည်း ရှိစေရမည်" ဟု ဖော်ပြထားသည်။  

 

မြန်မာနိုင်ငံသည် ၁၉၆၀ ဖေဖော်ဝါရီလ (၆) ရက်တွင် ကျင်းပခဲ့သော တတိယအကြိမ် ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြီးသည့်နောက် ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်များနှင့် ကင်းကွာနေခဲ့သည်မှာ နှစ်ပေါင်း (၅၀) ခန့်ရှိခဲ့ပြီ။ ဗိုလ်နေ၀င်း ဦးဆောင်ရေးဆွဲသော ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ငြင်းပယ်ဖျက်သိမ်းသည့် ရွေးကောက်ပွဲများဟု သမိုင်းတွင်ခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံက ယှဉ်ပြိုင်သူမရှိ တဦးတည်းပြေးကာ ပထမရရှိသော (မဆလ) တပါတီအာဏာရှင်စနစ်ကို မွေးထုတ်ခဲ့သည်။ 

 

၁၉၉၀ ရွေးကောက်ပွဲဥပဒေတွင်လည်း အားနည်းချက် (သို့မဟုတ်) ညစ်ကွက်တခု တွေ့ရသည်။ ယင်းညစ်ကွက်မှာ 'ရွေးကောက်ပွဲရလဒ်များ' ထွက်ပေါ်လာပြီးနောက် အချိန်ကာလမည်မျှ အတောအတွင်း မည်သို့မည်ပုံ ပြည်သူ့လွှတ်တော်ကို အသက်ဝင်စေမည်ဟု ဖော်ပြမထားခြင်းဖြစ်သည်။ ဤအချက်သည် ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲကျင်းပပေးခြင်း၏ ပဓာနကိစ္စလည်းဖြစ်သည်။ ယင်းအချက်ကို ထည့်သွင်းမထားခြင်းသည် "အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုရမည်။ ̏ မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့်အာဏာကို အပ်နှင်းရမည်˝ ဆိုသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများအား လျစ်လျူရှုထားကြောင်း ထင်ရှားစေသည်။

 

နိုင်ငံတကာ အနက်ဖွင့်ဆိုချက်များအရ 'ရွေးကောက်ပွဲစနစ်' ဆိုသည်မှာ နိုင်ငံတခုအတွင်း ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးပဋိပက္ခများကို လျှော့ကျအောင်လုပ်သည့် ကိရိယာဟု ဆိုထားသည်။ (မဆလ) တပါတီစနစ်သည် "ငါနှင့်မတူ ငါ့ရန်သူ" သဘောထားဖြင့် ရွေးကောက်ပွဲများကို တဖက်သတ် ပြုလုပ်ခဲ့ရာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုပ်ရမည့်အစား တိုးပွားအောင်လုပ်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ဒီမိုကရေစီလိုလားသော၊ ပြည်သူများနှင့် တန်းတူအခွင့်အရေး လိုလားသော တိုင်းရင်းသားများ၏ ဆန့်ကျင်မှုကို အဆက်မပြတ် ရင်ဆိုင်ခဲ့ရပြီးနောက် ၁၉၈၈ ဒီမိုကရေစီ လူထုအရေးတော်ပုံကာလ၌ ချုပ်ငြိမ်းခဲ့ရသည်။ စင်စစ် ရွေးကောက်ပွဲစနစ်နှင့် ဖြစ်စဉ်တို့ကို ဖြစ်ပေါ်စေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် တိုင်းပြည်တပြည်၏ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခရာကျပေသည်။ 

 

ရွေးကောက်ပွဲစနစ်တခုသည် နိုင်ငံတခု၏ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် စေ့စပ်ပေးနိုင်သကဲ့သို့ ပြည်တွင်းစစ် အသစ်တခုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေသည်ပင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တဖက်စောင်းနင်း ဖြစ်နေမှုများကြောင့် အကျဉ်းအကျပ် တွေ့နေသည်။ အမှန်ကိုဆိုရလျှင် ၂၀၀၈ ဖွဲ့စည်းပုံ၏ ရည်ရွယ်ချက်မှာလည်း ၁၉၇၄ ဖွဲ့စည်းပုံနှင့် တထပ်တည်း ဖြစ်နေသည်။ ထို့ကြောင့် ဤဖွဲ့စည်းပုံ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် ထွက်ပေါ်လာသည့် "၂၀၁၀ ရွေးကောက်ပွဲဥပဒေ" ဆိုသည်မှာ နိုင်ငံရေးပဋိပက္ခများကို လျော့ပါးအောင် လုံးဝ လုပ်ပေးနိုင်မည်မဟုတ်။ တိုးပွားလာဖို့သာမြင်ရသည်။ 

 

နိုင်ငံတကာနှုန်းစံတို့အလိုအရ ပြောရလျှင် ရွေးကောက်ပွဲ ကျင်းပသည့် အဓိကရည်ရွယ်ချက်မှာ လူထုဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်မည့် လူထုကိုယ်စားလှယ်များ ပေါ်ထွက်လာရေး၊ လူထုကိုယ်စားပြု ပါလီမန်လွှတ်တော်နှင့် လူထုကိုယ်စားပြု အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရေးဖြစ်သည်။ ပြည်သူများ၏ ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်ဟူသော အနှစ်သာရမပျက်ဖို့ အလွန်အရေးကြီးသည်။ ရွေးကောက်ပွဲများတွင် လူတိုင်းမခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့်ဖြစ်စေ ကျင်းပပေးရမည်။ ဤအချက်ကို လက်ရှိ ရွေးကောက်ပွဲ ကျင်းပပေးမည့် အာဏာပိုင်အဖွဲ့အစည်းက တာဝန်ခံရမည်ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲများဟုတ် မဟုတ်ဆိုသည်ကို အာဏာပိုင်အဖွဲ့အစည်းက ခိုင်ခိုင်မာမာ တာဝန်ခံကြီးကြပ်စေရန် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ရှိဖို့လိုခြင်းဖြစ်သည်။ 

 

သို့သော် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်၏ မေလခရီးစဉ်အတောအတွင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးအား နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ ခွင့်ပြုပါမည်လားဟု မေးခဲ့ရာတွင် ခွင့်ပြုမည်မဟုတ်ကြောင်း၊ သူတို့တွင် ရွေးကောက်ပွဲ အတွေ့အကြုံ ပြည့်ပြည့်စုံစုံ ရှိသည်ဟု အရှက်မဲ့စွာ ပြန်ကြားခဲ့သည်။ ယခုရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာ (၇) ရောက်ရန် တလခွဲခန့်အလိုတွင် စောင့်ကြည့်အဖွဲ့များကို ဘာကြောင့် ငြင်းပယ်ခဲ့သနည်းဆိုသော မေးခွန်းအတွက် အဖြေများ ထွက်ပေါ်နေပေပြီ။ အမြင်သာဆုံး အချက်မှာ နိုင်ငံတကာသဘောတူစာချုပ်များတွင် တည်ဆဲအစိုးရများအနေဖြင့် အောက်ပါအချက်များကို လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။ 

 

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူဆက်ဆံရမည်။

 

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများအပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များအပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။

 

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိသည့် (၅) ပါတီကို မှတ်ပုံအသစ် ထပ်မတင်၍ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁၄) တွင် တရားမ၀င်ပါတီများဟု ကြေညာခဲ့သည်။ တဖန် အသစ်ထူထောင်သည့် ပါတီများအနက်မှလည်း ပြည်ထောင်စုကရင်အမျိုးသားမျာအဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်၊ မြိုတိုင်းရင်းသားပါတီ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်) များကိုလည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၃) ဦး မ၀င်နိုင်၍ဆိုကာ ပယ်ဖျက်လိုက်သည်။ ပိုဆိုးသည်မှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDP)၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ကို အကြောင်းပြချက် ခိုင်ခိုင်မာမာမပြဘဲ ပါတီထူထောင်ခွင့် မပေးခဲ့ခြင်းဖြစ်သည်။ ဤအချက်မှာ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ကို လေးစားအသိအမှတ်မပြုခြင်း၊ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူအခွင့်အရေးများ မပေးခြင်းကို ပေါ်လွင်စေသည်။ ထိုမျှမက ယင်းပါတီများမှ ကချင်တိုင်းရင်းသားကိုယ်စားလှယ်များက ပါတီထောင်ခွင့်မရသဖြင့် တသီးပုဂ္ဂလအနေဖြင့် ပါဝင်ရန် လျှောက်ထားခြင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပြန်သည်။ ထိုလုပ်ရပ်မှာလည်း "လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။" ဆိုသော  'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း' ပါ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။ 

 

ထို့ပြင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့်မှာလည်း နိုင်ငံရေးပါတီများအဖို့ အထူးအရေးကြီးသော ကိစ္စပင်ဖြစ်သည်။ ရွေးကောက်ပွဲတခု ကျင်းပရာတွင် နိုင်ငံရေးရာသီဥတုကို သာယာမျှတအောင် ဖန်တီးထားရှိနိုင်ဖို့ လိုသည်။ ထိုအထဲတွင် သတင်းစာလွတ်လပ်ခွင့်သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်ပေးရမည်။ 'အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း' အပိုဒ် (၁၉) အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အများပြည်သူသို့ သတင်းအချက်အလက် ဖြန့်ဝေခွင့်နှင့် ကိုယ်တိုင်လည်း သတင်းအချက်အလက် လက်ခံရယူပိုင်ခွင့်တို့သည် လူတိုင်း၏ ရပိုင်ခွင့်ဖြစ်သည်။ အဆိုပါ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ကို မရရှိပါက ကျန်လူ့အခွင့်အရေးဆိုသည်တို့ကို ခံစားခွင့်ရရှိရန်မှာ ဖြစ်နိုင်စရာမရှိချေ။ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်များ ဆုံးရှုံးလျှင် နိုင်ငံရေးပါတီများအဖို့ မိမိတို့ နိုင်ငံရေးအယူအဆနှင့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထု သိရှိနားလည်အောင် ရှင်းလင်းပြောပြနိုင်ခွင့် ဆုံးရှုံးရမည်ဖြစ်သည်။ 

 

လက်ရှိအခင်းအကျင်းအရ ကြံ့ဖွံ့ပါတီက အာဏာလက်ရှိ စစ်တပ်ပါတီဖြစ်၍ နိုင်ငံ့ငွေကြေးဘဏ္ဍာများနှင့် နိုင်ငံပိုင် ဆက်သွယ်ရေးယန္တရားများကို အကန့်အသတ်မရှိ ရယူသုံးစွဲကာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးဟောပြောခွင့်ရနေသည်။ ယခုကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲ မဲဆွယ်စာစောင်ကို ရောင်စုံ (၈) မျက်နှာ စောင်ရေ (၁) သိန်း ရိုက်နှိပ်၍ အခမဲ့ ဖြန့်ဝေနေသည်။ ကာလပေါက်ဈေးထက် တ၀က်လျှော့တွက်လျှင်ပင် ကျပ်ငွေ (၅) သန်းလောက်ရှိမည်။ စိစစ်ဖြတ်တောက်မှာလည်း မပူရ။ အခြားပါတီများမှာ စာပေစိစစ်ရေး၏ စည်းကမ်းများကို ကြောက်နေရသည်။ စာစောင်ထုတ်ဝေခွင့် မှတ်ပုံတင်ရန် ငွေကြေးမတတ်နိုင်သည့် ပါတီက အများစု။ သို့ဖြင့် သတင်းမီဒီယာကို အကန့်အသတ်ခံရသည်။ လွတ်လပ်စွာ တန်းတူအသုံးပြုခွင့်မရ။ ရေဒီယို၊ တီဗွီကျပြန်တော့လည်း ပါတီတခု (၁၅) မိနစ်သာ ပေးသည်။ အကန့်အသတ် စည်းမျဉ်းက အတန်တန်။ (၁၅) မိနစ်မျှနှင့် ကိုယ့်ပါတီမူဝါဒကို လူထုနားလည်အောင် ပြောခိုင်းသည်မှာ မည်ကာမတ္တပေးသည့် မဲဆွယ်ခွင့်သာဖြစ်သည်။ 

 

ထို့ကြာင့် ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်ဆိုသော သဘောတူညီချက်ကိုလည်း စစ်အစိုးရက လုံးဝလိုက်နာခြင်းမရှိကြောင်း ထင်ရှားသည်။ စစ်တပ်၏ ကြံ့ဖွံ့ပါတီ အသာစီးရရှိရေးအတွက် အစိုးရအာဏာကိုသုံး၍လည်းကောင်း၊ ငွေကြေးအင်အား အသုံးပြု၍လည်းကောင်း၊ အခြားပါတီ ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများအပေါ်၌ အာဏာပိုင်များက မလျော်မကန်ပြုမှု ခြိမ်းခြောက်၍လည်းကောင်း လုပ်ဆောင်ချက် အများအပြား တွေ့ရသည်။ ထို့ကြောင့် အခြားပါတီများ လွတ်လပ်စွာ စည်းရုံးခွင့်မရရှိကြ။  

 

ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် (၃၃၀)၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် (၁၆၈)၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ် (၆၆၀)၊ စုစုပေါင်း ကိုယ်စားလှယ် (၁၁၅၈) ဦးအတွက် ပါတီများ ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်တဦးလျှင် မှတ်ပုံတင်ကြေး (၅) သိန်း တင်ရမည်ဟု စစ်အာဏာပိုင်တို့က ညစ်ပတ်လိုက်သည်။ ဤငွေကြေး အဟန့်အတားကြောင့် အခြားအတိုက်အခံပါတီများထဲမှ ကိုယ်စားလှယ် (၂၀၀) ပြည့်အောင် ၀င်ပြိုင်နိုင်သည့် ပါတီမရှိ။ ကြံ့ဖွံ့က နေရာအားလုံးပြိုင်သည်။ တစညက နေရာ (၉၈၀) ကျော်ပြိုင်သည်။ ရွေးကောက်ပွဲ မလုပ်ခင်ကပင် အဖြေက ထွက်နှင့်နေပြီ။ အတိုက်အခံအတွက် နေရာမရှိသည့် လွှတ်တော်၊ ကက်ဘိနက်ဖွဲ့ခွင့် မရှိသည့် လွှတ်တော်၊ ရွေးကောက်ခံ ကိုယ်စားလှယ်မဟုတ်သည့် စစ်ဗိုလ်သမ္မတက ပြဋ္ဌာန်းလိုသည့် ဥပဒေများကို အတည်ပြုပေးရမည့် ရုပ်သေးလွှတ်တော် မျှသာဖြစ်သည့် အချက်ကို မျက်ကွယ်ပြုလျက် လွှတ်တော်တက်ရန် စိတ်ကူးယဉ်ကြသူများ ရှိနေသည်။ 

 

မဲစာရင်းများလည်း တပြည်လုံးတွင် စနစ်တကျ ထုတ်ပြန်ပေးခြင်းမရှိ။ မဲစာရင်း ကူးယူလိုသည့် ပါတီများကိုလည်း တမျက်နှာ (၂၀၀) ကျပ် ပေးရမည်ဟု ငွေကြေးနှင့် ပိတ်ဆို့လိုက်ပြန်သည်။ ရွေးကောက်ပွဲ မသမာမှုကို ကန့်ကွက်ဖို့က ပို၍ပင် ခက်ခဲသေးသည်။ ငွေကျပ် (၁၀) သိန်းတင်မှ ကန့်ကွက်ခွင့်ရမည်ဆိုသည်။ ဤမျှ မတော်မတရား ညစ်ပတ်ထားသည့် ရွေးကောက်ပွဲအစီအစဉ်များမှာ ယခုမှ အစပျိုးကာစသာရှိသေးသည်။ နိုဝင်ဘာ (၇) ရက်နီးလာလေ ညစ်ပတ်ကောက်ကျစ်မှုများ ပို၍ ပို၍ များလာလေဖြစ်ဖို့ သေချာသည်။ အညစ်ပတ်ဆုံးကိစ္စကိုလည်း မျက်ဝါးထင်ထင် မြင်နေရပြီးဖြစ်သည်။ စစ်တပ် (၄) ပုံ (၁) ပုံ ယူပါရစေဆိုသည်ကို သဘောတူလိုက်သဖြင့် ယခု ကြံ့ဖွံ့စစ်တပ်ပါတီ ထပ်ဖွဲ့ကာ စစ်တပ်က လွှတ်တော်များတွင် (၄) ပုံ (၃) ပုံ မက အပိုင်စီးတော့မည်။ လွှတ်တော်ထဲတွင် political space ရှာမည်ဆိုသူများ ယခုထိ သဘောမပေါက်သေး၊ အရှည်ကို မမြင်နိုင်သေးသည်မှာ အံ့စရာဟု ဆိုရတော့မည်။

 

စင်စစ် စစ်အုပ်စု မလျော်မကန် ကြံစည်နေသော ၂၀၁၀ ရွေးကောက်ပွဲ၏ အဓိက ပစ်မှတ်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ၂၀၁၀ ရွေးကောက်ပွဲအသစ်ဖြင့် စစ်အုပ်စုက ချေဖျက်ရန် လုပ်နေခြင်းဖြစ်သည်။ ထိုသို့ မူလရည်ရွယ်ချက် ကိုယ်၌က မရိုးသားသည့်အလျောက် စစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနှင့် "နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ" စသည်တို့သည် 'ဒီမိုကရေစီဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး စီမံချက်' ဖြစ်နေကြောင်း ထင်ရှားသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်များက ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင်ဟု အကဲဖြတ်ကြခြင်းဖြစ်သည်။ အဓိက အတိုက်အခံ NLD ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလို မပေးရဲသည့် သဘော၊ ဒေါ်အောင်ဆန်းစုကြည်အား လူထုက ထပ်မံရွေးချယ်မည်ကို ကြောက်လန့်နေသည့် သဘောက ပေါ်လွင်လွန်းသည်။ 

 

သို့တစေ NLD သည် လူထုတိုက်ပွဲအတွင်းမှ ပေါ်ထွက်ခဲ့သည့် လူထုပါတီဖြစ်သည်။ အာဏာရှင်အလိုကျ ပါတီမဟုတ်သဖြင့် အာဏာရှင်က အသိအမှတ်မပြုရုံနှင့် NLD ပျောက်ကွယ်သွားမည်မဟုတ်။ လူထုအကျိုးကို မဆောင်နိုင်တော့၍ လူထုက အသိအမှတ်မပြုတော့လျှင်သာ ကွယ်ပျောက်သွားနိုင်သည်။ NLD က ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမ၀င်ဟု ဆုံးဖြတ်ဆောင်ရွက်လိုက်ခြင်းမှာ စစ်အာဏာကို အာခံဆန့်ကျင်လိုက်ခြင်းဖြစ်သည်။ မတရားသည့် အမိန့်အာဏာကို ဖီဆန်ခြင်း (Civil Disobedience)  ဖြစ်သည်။ NLD ၏ အမြင့်ဆုံး သပိတ်တိုက်ပွဲ ပုံသဏ္ဍာန်လည်းဖြစ်သည်။ NLD သည် တိုက်ပွဲအတွင်း၌ ဆက်ရှိနေသည်။ စစ်အာဏာကို သိဒ္ဓိတင်ပေးရမည့် ရွေးကောက်ပွဲမှန်းသိသိနှင့် ရွေးကောက်ပွဲဝင်ကြသူများသာ ဒီမိုကရေစီတိုက်ပွဲ စည်းအပြင်၌ ရောက်နေကြခြင်းဖြစ်သည်။

 

ပြည်သူအများကမူ ထိုမျှလောက် မေ၀၀ါးကြ။ တပ်ဦးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) တို့၏ သပိတ်တိုက်ပွဲခေါ်သံကို စတင်ထောက်ခံလာနေကြပြီ။ ယနေ့ပြည်သူသည် နိုင်ငံရေးစိတ်မ၀င်စားသော ပြည်သူမဟုတ်။ စစ်အာဏာရှင်သည် ပြည်သူကို နိုင်ငံရေးစိတ်မ၀င်စားရဲအောင် အကြီးအကျယ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည်။ မအောင်မြင်ခဲ့။ 

 

ယနေ့ သတင်းနည်းပညာခေတ်တွင် ပြည်သူလူထုဘက်၌ လူထုဆက်သွယ်ရေးနည်းပညာ၊ အင်တာနက်ကွန်ရက်၊ သတင်းမီဒီယာစသည်တို့ ရှိနေသည်။ လူထုနားမျက်စိ အပျော်တမ်း သတင်းသမားလူငယ်များ၊ ဘလော့ဂါများလည်း ရှိနေပြီ။ ထို့ကြောင့် စစ်အာဏာရှင်တို့ ၀ါဒဖြန့်ချိသလို ၂၀၁၀ ရွေးကောက်ပွဲသည် ပြည်သူလူထုအဖို့ တခုတည်းသော ရွေးချယ်စရာ ထွက်ရပ်လမ်းဆိုခြင်းကို မျက်ကန်းရမ်းဆ လက်ခံကြလိမ့်မည်လည်းမဟုတ်။ 

 

လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား။ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာအကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ် ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ နေကြမည်လည်းမဟုတ်။ ယခု ရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခများကို လျော့ကျစေခြင်းထက် ပြည်တွင်းစစ်အသစ်တခုဆီ ဦးတည်နေသည်ကို လူထုက မမြင်ဘဲ နေမည်မဟုတ်။ လူထုသည် အချိန်ကျလျှင် နိုင်ငံရေးတာဝန်ကျေပွန်ကြသူများ ဖြစ်ကြောင်း သမိုင်းတွင် အထပ်ထပ်အဖန်ဖန် တွေ့ခဲ့ရပြီးဖြစ်သည်။ 

 

သို့ဖြစ်၍ ယခု ၂၀၁၀ နိုင်ငံရေးလမ်းဆုံတွင်လည်း လူထုသည် စစ်အာဏာရှင်တို့ ဆင်ထားသော သေတွင်းထောင်ချောက် လမ်းမှားသို့ လိုက်ကြမည်မဟုတ်သည်မှာ သေချာသည်။  အဆုံးအဖြတ်ကာလရောက်လျှင် လူထုကပင် ဆုံးဖြတ်ပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် လူထုအသံကို နာခံရန် နိုင်ငံရေးသမားတို့ ပြင်ထားကြပါကုန်။    



Fwd: ဒီမိုကရေစီ နှင့် မြန်မာပြည်



ဒီမိုကရေစီ နှင့် မြန်မာပြည်
 
အချို့လူတွေက ပြောကြတယ်  မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။ အဲဒီလို လူမျိုးတွေကို ပြန်မေးလိုက်ချင်ပါသေးတယ် ။
ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှ
မြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။  အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။
တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင်
စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။
 
အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို  ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက  အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့  အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။  မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က  လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။
 
အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။
ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ်  ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။  သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။  အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။
နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေ
ပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ  ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။
ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။
လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝ
ပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။ 
 
အချို့ကလည်း ပြောကြပြန်သေးတယ်  ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး  သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။  တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက်  ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။ 
သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ  ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။ 
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။ 
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။ 
 
တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။  အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။
ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့  လူတွေက  နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။  နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ  ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား   ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက်  လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။ အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင်  နှိုင်းစရာ စကားလုံးရှာရမလို့  ငိုသွားလောက်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။  ကိုကျော်သူက သက်သေ  အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။
 
အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ  ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။  တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။
တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက်
ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။
 
မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင်
အာဏာရှင်တွေ  ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။  ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ်   ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။

-

Fwd: စစ်ဗိုလ်ချုပ်များ ၎င်းတို့၏ အာဏာကို ခိုင်မြဲအောင် လုပ်ဆောင်ခြင်း (သို့) 2010 Sham Election..............



စစ်ဗိုလ်ချုပ်များ ၎င်းတို့၏ အာဏာကို ခိုင်မြဲအောင် လုပ်ဆောင်ခြင်း (သို့) 2010 Sham Election..............

by San Maung on Tuesday, September 28, 2010 at 6:26pm

မြန်မာ့နိုင်ငံရေး ပဋိပက္ခသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေပါသည်။ နိုင်ငံရေး ဖြေရှင်းမှုများ၏ ရလဒ်မှာ အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ် မှုများဖြင့်သာ အမြဲတမ်းလိုလို အဆုံးသတ်ခဲ့သည်။ ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများ၊ သဘာဝဘေးဒုက္ခများကို ခါးစည်း ခံစားနေကြရသော ပြည်သူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မဲပေးခဲ့ကြရပါသည်။

 

သာမန်ပြည်သူများအနေဖြင့် အရပ်သားအစိုးရအသစ်အောက်တွင် ဖိနှိပ်ချုပ်ချယ်မှုများ လျော့ပါးလာနိုင်သည်ဟု မျှော်လင့်နေနိုင်ပါသည်။ သို့ရာတွင် စစ်အစိုးရက ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ တတိယမြောက် အခြေခံဥပဒေအရ စစ်တပ်က နိုင်ငံရေးတွင် ဦးဆောင်မည် ဖြစ်သည်။

 

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ မွေးဖွားလာပြီး ၎င်းတို့၏ အခန်းကဏ္ဍသည် တိုင်းပြည် မပြိုကွဲစေရန် ကာကွယ် စောင့်ရှောက်ရေးဖြစ်သည်ဟု ယုံကြည်နေကြသော (၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင်စေရန် အစဉ်အဆက် ဆင်ခြေ ပေးလာသော) စစ်အစိုးရသည် အခြေခံဥပဒေအသစ်တွင် "နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ" ဆိုသည့် ဥပဒေဆိုင်ရာ ခံတပ် တခုကို တည်ဆောက်ခဲ့ပါသည်။

 

ထိုအချက်သည် စစ်တပ်က ရေးဆွဲထားသည့် အခြေခံဥပဒေ၏ အဓိက ကျောရိုးဖြစ်ပြီး အရပ်သား နိုင်ငံရေးသမားကို မယုံကြည်မှု၊ လူ့အဖွဲ့အစည်းတခုအတွင်း အများပြည်သူနှင့် သက်ဆိုင်သော အခန်းကဏ္ဍတွင် ညီညွတ်သည့် သဘောတူညီချက် တခု တည်ဆောက်ရေးအပေါ် မယုံကြည်မှုတို့ကို ဖော်ညွှန်းနေပါသည်။

 

ဒီမိုကရေစီနိုင်ငံရေးသီအိုရီအရ နိုင်ငံရေးပါတီတခုက ပြည်သူအများစု၏ ထောက်ခံ ရွေးချယ်မှုဖြင့် ပြည်သူ့လွှတ်တော် နေရာ အများစုကို  အနိုင်ရခဲ့လျှင် တိုင်းပြည်တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိနိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေသည် နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သော ညွန့်ပေါင်းအစိုးရပုံစံကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။

 

သို့သော်လည်း ထိုသီအိုရီနှင့် မတူခြားနားသည့် အချက်မှာ မြန်မာနိုင်ငံ၏ အခြေခံဥပဒေက  စစ်တပ်အုပ်စိုးသူများကို ဆန့်ကျင်မည့် နိုင်ငံရေးပါတီတခုက လွှတ်တော်တွင် လွှမ်းမိုးမှု မရှိစေရန် ရေးဆွဲထားခြင်း ဖြစ်ပါသည်။

 

စစ်သားနှင့် ဥပဒေပြုခြင်း

 

ထို့ကြောင့် အခြေခံဥပဒေကို လွှတ်တော်နှစ်ရပ်တွင် စစ်တပ်က ခန့်အပ်သည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း  ပါဝင်မည့် "စည်းကမ်းပြည့်ဝသောဒီမိုကရေစီ" ဖော်ဆောင်ရေး ဆိုသည့် အယူအဆအပေါ် အခြေခံ ရေးဆွဲခဲ့ပါသည်။  နိုင်ငံရေးပါတီ တခုက မဲအများစုဖြင့် အနိုင်ရရှိခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမျိုး ထပ်မံ မပေါ်ပေါက်စေရန် လုပ်ဆောင်သည့် အစီအမံတခု ဖြစ်ပါသည်။

 

ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိမည့် ပြည်သူ့လွှတ်တော်တွင် စစ်တပ်က နေရာပေါင်း ၁၁၀ ယူထားသည်၊ ကိုယ်စားလှယ် ၂၂၄ နေရာရှိသော အမျိုးသားလွှတ်တော်တွင် ၅၆ နေရာ ရယူထားပါသည်။ ထို့အပြင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဥပဒေပြုလွှတ်တော်များနှင့် အဖွဲ့များတွင်လည်း အလားတူ ဝေစုကို ရယူထားပါသည်။ အခြေခံဥပဒေ ပုဒ်မ ၁၂၁ (ည) တွင် အစိုးရ၀န်ထမ်းများ လွှတ်တော် ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် တားမြစ်ထားသော်လည်း စစ်မှုထမ်းများကို  ခြွင်းချက်ဖြင့် ခွင့်ပြုထားပါသည်။

 

လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသာ ရယူထားသော်လည်း စစ်တပ်သည် ဥပဒေပြုရေး လုပ်ငန်းများတွင် အဓိက အဟန့် အတား ပြုနိုင်ပါသည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင်လည်းကောင်း၊ ဥပဒေအသစ် တခုခုကို ပြဌာန်းလိုသည့် အခါတွင် လည်းကောင်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံ အတည်ပြုမှု ရရှိရန် လိုအပ်ပါသည်။

 

ထိုအခြေအနေတွင် ရာခိုင်နှုန်းပြည့် ညီညွှတ်နေသည့် တိုင်အောင် နိုင်ငံရေးပါတီတခုသည် လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ်များ၏ သဘော တူညီမှုမရဘဲ ဥပဒေတခုကို ပြဌာန်းနိုင်မည် မဟုတ်ပါ။ ဤသို့ဖြင့် နိုင်ငံရေး ပါတီများသည် စစ်တပ်နှင့် မဟာမိတ်ဖွဲ့ရန် သို့မဟုတ် အပေးအယူလုပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။

 

သို့ရာတွင် စစ်တပ်က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေ တခုခုကို အတည်ပြုလိုလျှင် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်မလို သို့မဟုတ် အတည်ပြုပေးရန်သာ ဖြစ်သည်ကို အခြေခံဥပဒေပုဒ်မ ၂၀ (ခ) တွင် "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်" ဟု ပြဌာန်းထားသည်။

 

ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကိစ္စများ အတွက် လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များ ဖွဲ့စည်းသည့်အခါ  စစ်တပ် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရန်နှင့် လုပ်ငန်းအပေါ် မူတည်၍ လိုအပ်မှသာ တခြား ကိုယ်စားလှယ်များ ထည့်သွင်းရန်ကို အခြေခံဥပဒေပုဒ်မ ၁၁၅ နှင့် ၁၄၇ တို့တွင် ဖော်ပြထားပါသည်။

 

စစ်သားနှင့် နိုင်ငံအုပ်ချုပ်ရေး

 

၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၆၀ အရ သမ္မတကို သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးချယ် တင်မြှောက်မည် ဖြစ်ပါသည်။

 

သမ္မတ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် အုပ်စု ၃ ခုကို အခြေခံထားမည် ဖြစ်သည်။ ၎င်းတို့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ထိုလွှတ်တော်နှစ်ရပ်စလုံးမှ စစ်တပ်ကိုယ်စားလှယ်များက သီးခြား တတိယအဖွဲ့အဖြစ် ပါဝင်ပါမည်။ အဖွဲ့တခုချင်းစီက သမ္မတလောင်းတဦးစီကို ရွေးချယ်ရမည် ဖြစ်သည့် အတွက် စစ်တပ်ကလည်း တဦးကို ရွေးချယ်ပေးမည် ဖြစ်ပါသည်။

 

၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုဖြင့် အနိုင်ရရှိသကဲ့သို့ နိုင်ငံရေး ပါတီ တခုသည် ပြည်သူ့လွှတ်တော်နေရာ ၃၃၀ ၏ အများစုကို အနိုင် ရရှိနိုင်ပါသည်။ သို့ရာတွင် ၎င်းတို့၏ သမ္မတလောင်းသည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်နိုင်ရန် သေချာပေါက် မျှော်လင့်ထား၍ မရနိုင်ပါ။ အကြောင်းမှာ အခြေခံဥပဒေပုဒ်မ ၅၉ (ဃ) က သမ္မတ တဦး၏ အရည်အချင်းများတွင် စစ်ရေးတွင် အကျွမ်းတ၀င်ရှိရမည် ဆိုသည့် အချက် ပါဝင်နေသည်။ ၎င်းအချက်သည် စစ်သား မဟုတ်သည့် အရပ်သား သမ္မတလောင်း တဦးကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း မပြုရဟု မဆိုထားသော်လည်း ထိုသို့ကန့်သတ်ထားသည့်နှင့် တူပါသည်။

 

ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများတွင် သမ္မတ၏ အခွင့်အာဏာများကို ကန့်သတ်ထားပါသည်။ သမ္မတ၏ သဘောတူညီမှု မပါဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့မှ ၀န်ကြီးများကို လွတ်လပ်စွာ ခန့်အပ် စီမံ ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။

 

ယင်းသည် စစ်တပ်နှင့် အရပ်သားအစိုးရတို့အကြား မျှတသည့် အာဏာခွဲဝေမှု ဖြစ်သည်ဟု အခြေခံဥပဒေကို လေ့လာဆန်းစစ်သူများက ပြောနိုင်ပါသည်။ တခြားသော ဒီမိုကရေစီ အခြေခံဥပဒေများနှင့် ဆန့်ကျင်လျက် ဤအခြေခံဥပဒေက စစ်တပ်ကို အကြွင်းမဲ့ အာဏာ ပေးအပ်ထားခြင်း ဖြစ်သည်။

 

အာဏာအရှိဆုံးသော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ

 

အခြေခံဥပဒေတွင် အာဏာအရှိဆုံးအဖွဲ့သည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ ဖြစ်ပါသည်။ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအဖွဲ့တွင် စစ်တပ်မှ ၆ ဦး ပါဝင်သည့် အတွက် ထိုအဖွဲ့သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အရေးကြီးသည့် ကိစ္စရပ်အားလုံးသည်ကို စစ်တပ်က ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပါလိမ့်မည်။

 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဓိက လုပ်ငန်းစဉ် ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

ပထမလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၃၄၂ အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ရွေးချယ် အတည်ပြုပြီး သမ္မတက ခန့်အပ်မည် ဖြစ်ပါသည်။

 

ဒုတိယလုပ်ငန်းမှာ နိုင်ငံတ၀န်းလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့လျှင် အခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ သမ္မတသည် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ကာကွယ်ရေးဦးစီးချုပ်ထံ လွဲပြောင်းပေးရေး အတွက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

တတိယလုပ်ငန်းမှာ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေ ကာလတွင် တိုင်းပြည်ကို အများဆုံး ၂ နှစ်အထိ အုပ်ချုပ်မည် ဖြစ်ပြီး ထိုကာလ ကျော်လွန်သည့်အခါ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက အာဏာ ၃ ရပ်ကို သမ္မတကိုယ်စား ကျင့်သုံးမည်ဟု အခြေခံဥပဒေပုဒ်မ ၄၂၁၊ ၄၂၇ နှင့် ၄၃၁ တို့တွင် ပြဌာန်းထားပါသည်။

 

စတုတ္ထလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသည် တိုင်းပြည်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းကို ရုတ်သိမ်းပြီး ၆ လအတွင်း ရွေးကောက်ပွဲများကို ကျင်းပပေးရေး ဖြစ်သည်။

 

အထက်တွင်ဖော်ပြခဲ့သော အခွင့်အရေးများအပြင် အခြေခံ ဥပဒေပုဒ်မ ၂၀ (စ)အရ `တပ်မတ်ာသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်´ ဆိုသည့် နောက်ထပ် အရေးကြီးသော အချက်တခုကို ပြဌာန်းလျက် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာကို ခိုင်မြဲစေရန် လုပ်ဆောင်ခဲ့ပါသည်။

 

အားလုံးကို ခြုံ၍ပြောရလျင် အခြေခံဥပဒေကို ခြိမ်းခြောက်လာသည်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်လာပါက မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်ကို အချိန်မရွေး ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။